OPE ၏ မေးမြန်းခွင့်ရရှိသူတိုင်း DHS သို့ ဆက်လက်ဝင်ခွင့်ရှိမည် |
ခူပါးရယ်/ဒီဇင်ဘာ ၁၅၊ ၂၀၀၈ အမေရိကန်နိုင်ငံသို့ အခြေချနေထိုင်ရန် လျှောက်ထားကြသော ကရင်နီဒုက္ခသည် ၁၃၀၀၀ ကျော်တို့သည် အကယ်၍ OPE (ပင်လယ်ရပ်ခြား လုပ်ငန်းအစီအစဉ် ဆောင်ရွက်ပေးသော အဖွဲ့အစည်း) ၏ စစ်ဆေးမေးမြန်းပြီးဆုံးသူ မိသားစုတိုင်း DHS အင်တာဗျူးအဆင့်သို့ ဆက်လက်ဝင်ရောက် စစ်ဆေးမေးမြန်းခွင့် ရရှိမည်ဟု OPE အဖွဲ့မှ အကြီးအကဲဖြစ်သူ Rock က ပြောသည်။ သူက “OPE အင်တာဗျူးအဆင့် စစ်ဆေးမေးမြန်းပြီးဆုံးသူ မိသားစုတိုင်း DHS အင်တာဗျူးနဲ့အတူ ဆက်လက်စစ်ဆေးမေးမြန်းနိုင်တယ်၊ ဒါပေမဲ့ စစ်ဆေးမေးမြန်းရဖို့အတွက် တခါတလေ အချိန်တော့ ကြာမယ်၊ တခါတလေတော့ မြန်မယ်” ဟု ပြောသည်။ အိမ်ရှင်နိုင်ငံဖြစ်သော အမေရိကန်သည် ဒုက္ခသည်လူဦးရေ မည်မျှလက်ခံမည်၊ ရာခိုင်နှုန်းအားဖြင့် မည်မျှရွေးချယ်သွားမည်ဆိုသည်ကို အတိအကျ မသိနိုင်သေးချေ။ သို့သော် စစ်ဆေးမေးမြန်းရာ၌ အချက်အလက် စုံလင်စွာ အောင်မြင်သော ဒုက္ခသည်မှန်သမျှ ၄င်းတို့ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ DHS အင်တာဗျူးအဆင့်မှ စစ်ဆေးမေးမြန်းခြင်း ပြီးဆုံးသော အသက် (၂၂) နှစ်အရွယ် ဒုက္ခသည်တစ်ဦးက ဒုက္ခသည်စခန်းအတွင်း၌ နေထိုင်ရခြင်းသည် ငြီးငွေ့ဖွယ်ကောင်းပြီး ကိုယ့်ဘ၀အတွက် အနာဂတ်မျှော်လင့်ချက်များ ကင်းမဲ့နေသည်ဟု ပြောသည်။ ၎င်းက “ဘာဖြစ်လို့သွားချင်လဲဆိုတော့ ဒီမှာနေရတာ စခန်းအပြင်ထွက်လို့လည်း မရ၊ ထွက်မယ်ဆိုရင်လည်း ဘာတွေဖြစ်မလဲ အမြဲတမ်း စိုးရိမ်စိတ်တွေ ရှိနေရတယ်၊ အဲလိုမျိုးဖြစ်တယ်၊ စခန်းထဲမှဘဲ နေမယ်ဆိုရင်လည်း ကိုယ့်ဘ၀က နစ်မြုပ်ဖို့ဘဲ ရှိတယ်၊ ဗဟုသုတတွေ အသိဥာဏ်တွေလည်း ဘာမှ သိရှိလာတာတွေ၊ တိုးတက်လာတာတွေ မရှိဘူး၊” ဟု ပြောသည်။ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ မတိုင်မီ UNHCR/MOI မှ မှတ်ပုံတင်ခြင်း ခံထားရသော ဒုက္ခသည် များသည် အကယ်၍ တတိယနိုင်ငံလျှောက်ထားမည်ဆိုပါက OPE နှင့် DHS အင်တာဗျူးကို စစ်ဆေးမေးမြန်းခြင်း ခံရမည်ဖြစ်သည်။ သို့သော် ကြန့်ကြာနိုင်သော အဆင့်မှာ DHS အင်တာဗျူး အဆင့်တွင် ဖြစ်နိုင်သည်ဟု သိရသည်။ ကရင်နီဒုက္ခသည်များသည် ယခုလအတွင်း DHS အင်တာဗျူးအဆင့်ထိ စစ်ဆေးမေးမြန်းခြင်း ပြီးဆုံးသွားသော မိသားစုများသည် ၂၄၀ မိသားစုရှိပြီ ဖြစ်ပြီး လာမည့် နှစ်သစ် (၂၀၀၉) ခုနှစ်မှ ပြန်လည်စတင်မည်ဟု သိရသည်။ |
No comments:
Post a Comment